မြင်ကွန်းမြင်းခုန်တိုင်အရေး

September 14, 2008

ရတနာပုံခေတ်နှောင်းပိုင်းက ထင်ရှားတဲ့ နန်းတွင်းလုပ်ကြံမှု ဖြစ်ပါတယ်။ ၁၈၆၆ ဇွန်လ ၁၈ ရက်နေ့မှာ မင်းတုန်းဘုရင်နဲ့ ရွှေရေးဆောင် မိဘုရားတို့က မွေးတဲ့ သားတော်တွေဖြစ်တဲ့ မြင်ကွန်းမင်းသားနဲ့ မြင်းခုန်တိုင် မင်းသား နှစ်ပါးက ဦးဆောင်ပြီး လွှတ်တော်မှာ စည်းဝေးနေတဲ့ အိမ်ရှေ့စံ ကနောင်မင်းသားကြီးကို ဥပါယ်နဲ့ လုပ်ကြံခဲ့ပါတယ်။ ကနောင်မင်းသားကြီး ပွဲချင်းပြီး ကွယ်လွန်ပါတယ်။ မင်းသားတွေက ခမည်းတော်ဖြစ်တဲ့ မင်းတုန်းဘုရင်ကိုပါလုပ်ကြံဖို့ရာမှာ မအောင်မြင်ခဲ့ဘူးလို့ မှတ်တမ်းတွေက ဆိုပါတယ်။ ဒါ့ကြောင့် ဘုရင်ပိုင် ရေနန်းစင်္ကြာ သင်္ဘောနဲ့ အောက်ပိုင်း မလွန်အရပ်ကို စုန်ပြီး ပုန်ကန်ခဲ့ပါတယ်။ မကြာခင် အရေးနိမ့်သွားတဲ့အတွက် အင်္ဂလိပ်သိမ်းထားတဲ့ မြန်မာပြည်အောက်ပိုင်းကို ၀င်ရောက်ခိုလှုံသွားပါတယ်။

ဒီအရေးမှာ အိမ်ရှေ့ကနောင်မင်းသားကြီး၊ မြတောင်မြို့စားသေနတ်ဝန်ကြီး၊ မလွန်မင်းသား၊ စကုမင်းသားနဲ့ ပြင်စည်မင်းသားတို့ ကျဆုံးခဲ့ပါတယ်။ ကနောင်မင်းသား-ရှု။ မြင်ကွန်းမင်းသား-ရှု။ စန္ဒာမုနိဘုရား-ရှု။

Advertisements

စန္ဒာမုနိဘုရား

September 14, 2008

မန္တလေးတောင်ခြေက ထင်ရှားတဲ့ စေတီတော်နဲ့ ရုပ်တုတော် တဆူဖြစ်ပါတယ်။ မသ ၁၁၆၄ မှာ သံချိန် ၁၁၃၆၈ ပိဿာနဲ့ ဘိုးတော်ဘုရားက မင်းကွန်းစေတီတော် တည်နေချိန်မှာ ထုလုပ်ခဲ့တယ်လို့ မှတ်တမ်းမှာရေးပါတယ်။ လ၀န်းလို အသရေတော်ရှိလို့ စန္ဒာမုနိလို့ အမည်တွင်တယ်လို့ ဆိုပါတယ်။

စန္ဒာမုနဘုရားနဲ့ ကျောက်စာစေတီများ

စန္ဒာမုနိဘုရားနဲ့ ကျောက်စာစေတီများ

အဲဒီနောက် အမရပူရကို ပင့်ပြီး ပူဇော်ရာက ဘကြီးတော်ဘုရားလက်ထက် နန်းစိုက်ရာ အင်းဝကို ပင့်ပြီး ရွှေဘိုမင်းလက်ထက်မှာ အမရပူရကို ပြန်ပင့်ခဲ့ပြန်ပါတယ်။ မသ ၁၂၂၉ မှာတော့ မင်းတုန်းမင်းက ယာယီစံနေတဲ့ နန်းမြေဘုံသာ စံနန်းတော်ကိုဖျက်ပြီး ညီတော် အိမ်ရှေ့ ကနောင်မင်းသားနဲ့  သားတော်တွေရဲ့ အလောင်းတွေကို ဂူသွင်းပြီး ဂူနဲ့ ၂ တောင်အကွာမှာ စန္ဒာမုနိ ရုပ်ပွားတော် စေတီကိုတည်ခဲ့ပါတယ်။ စေတီကို စန္ဒာမုနိဘုရားလို့ ခေါ်ကြပါတယ်။ ကနောင်မင်းသား-ရှု။ မြင်ကွန်းမြင်းခုန်တိုင်အရေး-ရှု။

မသ ၁၂၇၅ မှာ ရသေ့ကြီး ဦးခန္တီ ဦးဆောင်ပြီး အဌကထာနဲ့ ဌီကာ ကျောက်စာဂူပေါင်း ၅၀၈ ဂူ။ ကျောက်စာချပ်ရေ ၁၅၂၄ ချပ်၊ ဓမ္မစေတီပေါင်း ၇၅၈ ကျောက်ချပ်ပေါင်း ၁၇၇၄ ချပ်နဲ့ ပူဇော်ထားခဲ့ပါတယ်။ ဦးခန္တီ (ရသေ့ကြီး)-ရှု။


ကနောင်မင်းသား (မသ ၁၁၈၁-၁၂၂၈)

July 29, 2008

ရတနာပုံခေတ်နှောင်း ခေတ်မီနိုင်ငံတော်ဖြစ်ဖို့ ကြိုးပမ်းခဲ့တဲ့ အိမ်ရှေ့မင်းသားကြီး။

မြန်မာသက္ကရာဇ် ၁၁၈၁ တော်သလင်းလပြည့်ကျော် ၂ ရက် နေ့မှာ သာယာဝတီမင်း (နန်းစံ ၁၈၃၇-၁၈၄၆) နဲ့ တောင်ဆောင်တော် ကျောက်မော်မြို့စား သီရိသုစန္ဒာမလ္လာမဟေ မိဖုရားတို့က မွေးပါတယ်။ ငယ်နာမည် မောင်တောင်မင်းဖြစ်ပြီး နန်းတွင်းဘွဲ့အမည် သတိုးမင်းရဲကျော်ထင်ဖြစ်ပါတယ်။ မင်းတုန်းမင်းရဲ့ ညီအရင်းဖြစ်ပြီး ခမည်းတော်လက်ထက် မင်းတပ်မြို့ကို အပိုင်စားရပါတယ်။ မင်းတုန်းမင်း-ရှု။

နောင်တော်ဖြစ်တဲ့ ပုဂံမင်း (နန်းစံ ၁၈၆၄-၁၈၅၃) လက်ထက်မှာ ကနောင်မြို့ကို စားရတဲ့အတွက် ကနောင်မင်းသားအမည်တွင်ခဲ့ပါတယ်၊ ၁၈၅၂ မှာ အစ်ကိုလတ် မင်းတုန်းမင်းသားနဲ့ ပေါင်းပြီး အစ်ကိုဖြစ်တဲ့ ပုဂံမင်းကို ပုန်ကန်ခဲ့ရာမှာ အနိုင်ရပါတယ်။ ပုဂံမင်း-ရှု။ မင်းတုန်းမင်းသားနန်းတက်တဲ့အခါမှာ သီရိပ၀ရ မဟာသုဓမ္မရာဇာဘွဲ့နဲ့ အိမ်ရှေ့မင်းသားဖြစ်လာပါတယ်။ သာယာဝတီမင်းနဲ့ အနောက်နန်းမတော် မမြလေးတို့က မွေးတဲ့ ဖအေတူမအေကွဲ လှိုင်မြို့စား သီရိသုမြတ်စွာ ရတနာဒေ၀ီ (လှိုင်ထိပ်ခေါင်တင်) နဲ့ လက်ဆက်ခဲ့ပါတယ်။လှိုင်ထိပ်ခေါင်တင်-ရှု။

ကနောင်မင်းသားကြီး

ကနောင်မင်းသားကြီး

ကနောင်မင်းသားဟာ မင်းတုန်းမင်းရဲ့ အားကိုးမှုရသလို နိုင်ငံတည်ဆောက်ရေးတွေမှာ ထူးထူးခြားခြား ဆောင်ရွက်ခဲ့သူ မြန်မာမင်းသားတပါးဖြစ်ပါတယ်။ သူ့ကမကထကြောင့် မင်းတုန်းမင်းလက်ထက် ခေတ်မီစက်ရုံတွေဆောက်၊ နိုင်ငံခြားပညာသင်တွေ စေလွတ်ပြီး နယ်ချဲ့ရန်ကို ကာနိုင်ဖို့ ကြိုးပမ်းခဲ့သူလို့ ထင်ရှားပါတယ်။

၁၈၆၆ ဇွန်လ ၁၈ ရက်နေ့မှာ မန္တလေးယာယီမြေနန်းတော်မှာ နန်းတော်သစ်ဆောက်တာကြီးကြပ်နေတုန်း တူတော် မြင်ကွန်းမြင်းခုန်တိုင်မင်းသား ၂ ပါးက ဦးဆောင်ပြီး ဥပါယ်တံမျဉ်နဲ့ လုပ်ကြံတာကြောင့် ကွယ်လွန်ခဲ့ပါတယ်။ မြင်ကွန်းမြင်ခုန်တိုင်အရေး-ရှု။

၁၈၆၇ မှာ မင်းတုန်းဘုရင်က  လုပ်ကြံပြီး သေဆုံးသွားတဲ့ ယာယီနန်းတော်ကိုဖျက်ပြီး ကနောင်မင်းသားနဲ့အတူ အလုပ်ကြံခံရတဲ့ စကုမင်းသား။ ပြင်စည်မင်းသား၊ မလွန်မင်းသားတို့ အလောင်းတွေကို ဂူသွင်းပြီး ဂူနဲ့ နှစ်တောင် (၃ ပေခန့်) အကွာမှာ စန္ဒာမုနိရုပ်ပွားတော် ထားပြီး ပူဇော်ခဲ့ပါတယ်။ စန္ဒာမုနိစေတီ-ရှု။

၁၉၈၈ စစ်အစိုးရလက်ထက်မှာ ကနောင်မင်းသားကြီးရဲ့ အုတ်ဂူကို စန္ဒာမုနိ စေတိဝင်းထဲက ရွေ့ပြီး အခု မန္တလေးတောင်အသွား လမ်းဆုံမှာ အုတ်ဂူတည်ထားပါတယ်။