ကုန်းဘောင်

September 17, 2008

ရွှေဘိုမြို့၏ ရှေးအမည်။ ပြတ်နေသော မင်းဆက်ကို ရှည်လျားအောင် ပေါင်းကူးပေးသောအရပ်။ ကုန်းဘောင်ခေတ်-ရှု။ ကုန်းဘောင်မင်းဆက်-ရှု။

Advertisements

ကုန်းဘောင်ခေတ်

September 17, 2008
ဦးအောင်ဇေယျရဲ့ ရတနာစံနန်းတော်။ မူလ ၁၇၆၆ က ပျက်ခဲ့တဲ့ နန်းတော်က�ု ၁၉၉၄ မှာ ပြန်ပြီးတည်ဆောက်ခဲ့ပြီး ၁၉၉၉ မှာ ပြီးစီးခဲ့။

ဦးအောင်ဇေယျရဲ့ ရတနာစံနန်းတော်။ မူလ ၁၇၆၆ က ပျက်ခဲ့တဲ့ နန်းတော်ကို ၁၉၉၄ မှာ ပြန်ပြီးတည်ဆောက်ခဲ့ပြီး ၁၉၉၉ မှာ ပြီးစီးခဲ့။

အလောင်းမင်းတရားဘွဲ့ခံ ဦးအောင်ဇေယျ (နန်းစံ ၁၇၅၂-၁၇၆၀) မှ စပြီး သီပေါမင်း (နန်းစံ ၁၈၇၈-၁၈၈၅) အထိ ရှိသော မင်းဆက် ၁၁ ဆက် အုပ်ချုပ်ခဲ့သော သက်တမ်း ၁၃၃ နှစ်ရှိတဲ့ မြန်မာနိုင်ငံခေတ်ကာလ အပိုင်းခြား။ ကုန်းဘောင်မင်းဆက်-ရှု။


ဆင်သွားမူ

September 16, 2008

စကားပြောဟန် အရေးသား။

၁၉၆၅ ခု မန္တလေး ဓမ္မဗိမာန် စာဆိုတော်နေ့ အခမ်းအနားမှာ စကားပြောဟန်နဲ့ စာရေးနည်းသစ်ကို လူထုဦးလှ၊ ဒေါက်တာသန်းထွန်း၊ တို့က ကမကထ ပြုပြီး ဆရာမောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုးတို့က ထောက်ခံ စာတမ်းရေးသား တင်သွင်းခဲ့တာကို ဆင်သွားရင် လမ်းဖြစ်တယ်လို့ အဲဒီတုန်းက မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဦးကျော်ရင်က ထောက်ခံပြောခဲ့တာကို စွဲပြီး ဆင်သွားမူလို့ ကင်ပွန်းတပ်ရေးသား ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာစာပေမှာ စကားပြောဟန်နဲ့ ရေးတာကို ဆင်သွားမူလို့ စာပေလောကသားတွေက အမည်ပေးခဲ့ကြပါတယ်။ ဒီအဆိုနဲ့ အပြိုင် ရန်ကုန် အကြေက ဆရာအောင်သင်းတို့က စကားပြေမူကို ထောက်ခံပြီး အခြေတင်ရေးခဲ့ကြတယ်လို့ သိရပါတယ်။

ကျော်ရင် (ဦး-၊ လေထီး)-ရှု။


ရွာနေပြည်ထိုင်

September 16, 2008

(ရွာနေပြေတိုင်) (ဒေသိယ။ နာမ်) ဇာတိချက်ကြွေ အရပ်ဒေသတခုမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့သူ။ ဒေသခံ။ (ဗဟု) ၄င်း နေထိုင်သူများ။ အရပ်ဒေသတခုမှာ အခြေတကျ နေထိုင်လာသူ အိမ်ရှင်၊ အိမ်ခံ။

ဥပမာ- လူထုတို့၊ ရဲရင့်တို့ဆိုတာ မန္တလေးစာအုပ်လောက ရဲ့ ရွာနေပြည်ထိုင်တွေပေါ့။

-သူတို့က ဒေါင်းရိုးရပ်မှာ နေလာတာ မိဘတွေ လက်ထက်ကတည်းက။ ရွာနေပြည်ထိုင်တွေပေါ့အေ။


စိုင်းခမ်းလိတ် (၁၉၄၉-)

September 16, 2008

မန္တလေးက ထင်ရှားတဲ့ သီချင်းရေးဆရာတဦးဖြစ်တဲ့ ဆရာစိုင်းခမ်းလိတ်ဟာ ရှမ်းတိုင်းရင်းသားတဦးလည်းဖြစ်ပါတယ်။ ၁၉၄၉ ဧပြီလ ၂၇ ရက်နေ့မှာ အဖ နမ္မတူအမတ်ကြီး ဦးရွှေကြီး နဲ့ မိခင် ဒေါ်စိန်ဥတို့က ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာ မွေးခဲ့ပါတယ်။ ဦးရွှေကြီးဟာ ရှမ်းကဗျာဆရာကြီးတဦးဖြစ်ပြီး ကလောင်နာမည်က ခမ်းကာ (တုံဟုံး) ဖြစ်ပါတယ်။

စ�ုင်းထီးဆ�ုင် ဈာပနနေ့က တွေ့ရတဲ့ ဆရာစ�ုင်းခမ်းလ�တ်

စိုင်းထီးဆိုင် ဈာပနနေ့က တွေ့ရတဲ့ ဆရာစိုင်းခမ်းလိတ်

နမ္မတူ ပန်ဟိုက်ရပ်မူလတန်းကျောင်းမှာ ပညာစသင်ကြားပြီး နမ္မတူက Our Lady’s Convent ကျောင်းမှာ ၇ တန်းအထိ ပညာသင်ခဲ့ပါတယ်။ နောက်တော့ မေမြို့ (ပြင်ဦးလွင်)က စိန့်အဲလ်ဘတ် (St. Albert’s) အထက်တန်းကျောင်းကနေ ၉ တန်းနဲ့ ၁၀တန်းအောင်ခဲ့ပါတယ်။

၁၉၆၆ မှာ မန္တလေး ဆေးတက္ကသိုလ်ကို ရောက်ပြီး ဆေးဘွဲ့ရပြီးနောက်မှာ မေမြို့မှာ ၄ နှစ်၊ ရန်ကုန်မှာ ၆ နှစ်၊ မန္တလေးဆေးတက္ကသိုလ်မှာ ၅ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆေးပင်စင်ယူခဲ့ပါတယ်။

၁၉၆၅ မှာ ရှမ်းဘာသာနဲ့ တောင်ကြားတွင်းမှ တောနှင့်တောင် သီချင်းကို ကော်ပီသံစဉ်နဲ့ စပြီးရေးခဲ့ပါတယ်။ ၁၉၆၆ မှာ ရှမ်းဘာသာနဲ့ အိမ်မက်ထဲက အချစ် ကို ကိုယ်ပိုင်သံစဉ်နဲ့ စရေးတယ်လို့ သိရပါတယ်။ ၁၉၆၈ မှာ ရှမ်းသီချင်းများစွာရေးခဲ့ပြီး ၁၉၇၃ မှာ မြန်မာကိုယ်ပိုင်သံစဉ် သီချင်းတွေကို စပြီးရေးပါတယ်။

စိုင်းထီးဆိုင်သီဆိုတဲ့ တတိယတေးစီးရီးဖြစ်တဲ့ ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ စီးရီးက မန္တလေးရောက် ရှမ်းတယောက် သီချင်းနဲ့ စပြီးထင်ရှားခဲ့ပါတယ်။

မြန်မာသီချင်း ၅၀၀ ခန့် ရေးသားခဲ့ပြီး အများစုဟာ အောင်မြင်ထင်ရှား လူကြိုက်များတဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ တက္ကသိုလ်များ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူပြီး ရှမ်းသီချင်းကဗျာတွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သီချင်းတွေကို ရေးသားခဲ့ပါတယ်။ ဇနီးက ဒေါက်တာဒေါ်နွဲ့နွဲ့တင်ဖြစ်ပြီး သမီး လေး ယောက်ရှိတဲ့ အနက် နန်းခမ်းနွဲ့လိတ် ဟာ တေးသီချင်းတွေ သီဆိုတဲ့ အဆိုရှင်တဦးဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်အနီးက မဟာမြိုင်ရပ်မှာ မိသားစုနဲ့ နေထိုင်ပါတယ်။


မေရှင် (၁၉၁၇-၂၀၀၈)

September 14, 2008
ရုပ်ရှင်ခေတ်ဦးက ဒေါ်မေရှင်

ရုပ်ရှင်ခေတ်ဦးက ဒေါ်မေရှင်

မြန်မာခေတ်ဟောင်းရုပ်ရှင်မင်းသမီးနဲ့ အဆိုတော်ကြီးဖြစ်တဲ့ မေရှင်ဟာ မြန်မာရုပ်ရှင်ခေတ်ဦးကစလို့ အလွန်ထင်ရှားအောင်မြင်ခဲ့တဲ့ သူဖြစ်ပါတယ်။ ၁၉၁၇ မတ်လ ၉ ရက်နေ့ မှာ ဖခင်ပွဲစားကြီး ဦးခင်လေးနဲ့ မိခင် ဒေါ်ဖွားယုံတို့က မန္တလေးအရှေ့ပြင် အောင်တော်မူရပ် မှာ မွေးဖွားခဲ့ပါတယ်။ နာမည်ရင်းက သန်းသန်းရှင်ဖြစ်ပြီး မန္တလေး ၀က်စလီယန်ကျောင်းက ၇ တန်းအောင်ခဲ့ပါတယ်။ ၁၉၃၆ ရန်ကုန် အေ၀မ်း ရုပ်ရှင်ကုမ္ပဏီနဲ့ ဆက်သွယ်ပြီး ရုပ်ရှင်လောကထဲက စပြီးရောက်ပါတယ်။

ပထမဆုံးဇာတ်ကားက ဖူးစာရှင် ဖြစ်ပြီး ရဲခေါင်ချစ်ဆွေကြီးနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ရပါတယ်။ မြန်မာရုပ်ရှင်လောကမှာ ပထမဆုံးအသံထွက် ရုပ်ရှင်ကားတွေဖြစ်တဲ့ မြားနတ်မောင် ရုပ်ရှင်ကစပြီး အလွန်အောင်မြင်ခဲ့ပါတယ်။

ချစ်အမျှ၊ ချစ်ရေစင်၊ စောင်းတော်ရှင်၊ ချိန်တန်ပြီ၊ မေ့တွက်တာ၊ ရုပ်ရှင်ကားတွေဟာ အဲဒီအချိန်က ထင်ရှားခဲ့တယ်လို့ သိရပါတယ်။ မေရှင်ဟာ အေ၀မ်းဓာတ်ပြားကုမ္ပဏီကနေပြီး ဓာတ်ပြားတွေ အများအပြား ထုတ်လုပ်သီဆိုခဲ့ရာမှာ မြန်မာဂီတလောကမှာ ဂန္ထ၀င်လို့ နောင်မှာ ပြောနေကြရတဲ့ သီချင်းတွေကို အများအပြားသီဆိုခဲ့သူဖြစ်ပါတယ်။

ချစ်ရေစင်၊ အောင်ခြင်းရှစ်ပါး၊ ရှင်သီဝလိ၊ မြတ်လေးငုံ၊ ပျို့မှာတမ်း၊ ကျေးစေတမန်၊ သော်တာငွေမင်း၊ ချစ်ခက်သက်လျာ၊ ဖူးစာပိုင်၊ ရွှေပြောင်ပြောင်၊ မင်္ဂလာမောင်မယ် စတဲ့ သီချင်းဓာတ်ပြားတွေဟာ ကနေ့ထက်ထိ ထင်ရှားဆဲဖြစ်ပါတယ်။

ဒေါ်မေရှင်ဟာ ၁၉၆၁ ခုနှစ် ၄၅ နှစ်အရွယ် အောင်မြင်နေတဲ့အချိန်မှာပဲ ရုပ်ရှင်လောကက အနားယူပြီး မန္တလေးကို ပြန်လာခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား ၁၄ ကားရိုက်ကူးခဲ့ပါတယ်။ မန္တလေးမြို့ ၂၆ ဘီလမ်း၊ ၆၂ လမ်းနဲ့ ၆၃ လမ်းကြား မြစန္ဒာလမ်းသွယ်က ရတနာ နေအိမ်မှာ အသက်ထက်ဆုံးနေထိုင်သွားပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်ရှင်လောကက တိခနဲဖြတ်ပြီး အနားယူခဲ့တာနဲ့ ပတ်သက်ပြီး အေ၀မ်းက ရုပ်ရှင်မင်းသားကြီးတဦးနဲ့ ကောလဟလ ပြောကြတာ တွေရှိခဲ့ပါတယ်။ အိမ်ထောင်မပြုဘဲ တသက်လုံး တူ၊တူမတွေနဲ့သာ အရိုးထုတ်ခဲ့သူမို့ စာရေးဆရာတွေ၊ သူ့အကြောင်း ရေးသားသူတွေက မေးမြန်းပေမယ့် ဒေါ်မေရှင်က တိတိကျကျ ဖြေခဲ့တာ မရှိပါဘူး။

မေရှင်အကြောင်း ရေးကြသူတွေထဲမှာ ဆရာမ၀င်းဝင်းမြင့် (နန်းတော်ရှေ့) ရေးသားတဲ့ ပန်းတပွင့်ရဲ့ ရင်ခုန်သံ က သီးသန့် အထုတ္ထုပ္ပတ္တိဖြစ်ပါတယ်။

မေရှင်ဟာ ၂၀၀၈ စက်တင်ဘာလ ၃ ရက် (အသက် ၉၃ နှစ်အရွယ်) မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ပါတယ်။ စက်တင်ဘာ ၅ ရက်နေ့မှာ ကြာနီကန်သုဿန်မှာ ဂူသွင်း သဂြိုဟ်တယ်လို့ သိရပါတယ်။

မှတ်ချက်။ ။ မိဘ နှစ်ပါးရဲ့ နာမည်နဲ့ ပတ်သက်လို့ သတင်းစာ နာရေးကြော်ငြာမှာ ဦးခင်၊ ဒေါ်ရွန်လို့ ရေးပါတယ်။ ဆရာမ၀င်းဝင်းမြင့်ရဲ့ စာအုပ်မှာတော့ ဦးခင်လေး ၊ ဒေါ်ဖွားယွန်လို့ ရေးပါတယ်။ ငယ်နာမယ်ကိုလည်း မနန်းရှင်လို့ တွေ့ရပါတယ်။ မွေးတဲ့နေ့နဲ့ ပတ်သက်လို့ မြန်မာလို ၁၂၇၈ တပေါင်းလပြည့်ကျော် ၂ ရက် ဖြစ်ပါတယ်။ အဲဒီနေ့က အင်္ဂလိပ်လိုတော့ ၁၉၁၇  မတ်လ ၉ ရက် သောကြာနေ့လို့ နှစ် ၁၀၀ ပြက္ခဒိန်မှာ တွေ့ရပါတယ်။ မတ်လ ၉ ရက်နဲ့ ၁၀ ရက်ဟာ သောကြာနေ့၊ စနေနေ့ ကွဲပြားစေတဲ့ အချက်ဖြစ်တယ်လို့ ယူဆရပြီး မသန်းရှင်နဲ့ မနန်းရှင် ကွဲပြားနေတာနဲ့လည်း ဆက်စပ်မယ်ထင်ပါတယ်။ ဒါဟာ ကွဲပြားချက်တွေဖြစ်ပါတယ်။

ဆက်စပ်ဖတ်စရာ။ ။ ဆရာမ၀င်းဝင်းမြင့်(နန်းတော်ရှေ့)ရဲ့ ပန်းတပွင့်ရဲ့ ရင်ခုန်သံ စာအုပ်။ ဒေါ်မေရှင်ကွယ်လွန်တဲ့ အကြောင်း ခေတ်ပြိုင်ဂျာနယ် နာရေးသတင်း။ ဒေါ်မေရှင်သီချင်း တချို့ နားထောင်ရန် ပန်းစကား အင်တာနက် စာမျက်နှာ


သခင်ချန်ထွန်း (၁၉၂၁-)

September 14, 2008
သခင်ချန်ထွန်း (၂၀၀ဂ)

သခင်ချန်ထွန်း (၂၀၀ဂ)

သက်ရှိထင်ရှားရှိဆဲဖြစ်တဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့က နိုင်ငံရေးသမားကြီးတဦးဖြစ်ပါတယ်။

မန္တလေးဗဟိုအမျိုးသားကျောင်းသားကနေ နယ်ချဲ့ဆန့်ကျင်ရေးတရားဟောတဲ့ အတွက် ပထမဆုံး ထောင်ဒဏ် ၁ နှစ် ချခဲ့ရတဲ့ ကျောင်းသားဟောင်းတဦးဖြစ်ပါတယ်။ ၁၉၂၁ မှာ အဖ ဦးဘိုးဆင်၊ အမိ ဒေါ်မြကြီးတို့က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် မဲထီးရွာမှာ မွေးပါတယ်။

၁၉၄၀ မှာ မန္တလေးဗဟိုအမျိုးသားအထက်တန်းကျောင်းက ဆယ်တန်းအောင်ပြီး ၁၉၄၀-၄၁ မှာ မန္တလေးဥပစာကောလိပ်မှာ ကောလိပ်မဂ္ဂဇင်း မြန်မာစာ အယ်ဒီတာဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးရအပြီး ဖဆပလ အစိုးရလက်ထက်မှာ လွှတ်တော်အမတ်ဖြစ်ပြီး ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာ သံအမတ်အဖြစ် အမှုထမ်းခဲ့ပါတယ်။

အငြိမ်းစားယုပြီး မန္တလေးအသင်း (ရန်ကုန်)မှာ နာယက အဖြစ်ဆောင်ရွက်ပါတယ်။

အင်္ဂလိပ်ခေတ်ကနေ အခု စစ်အစို့းရ ခေတ်အထိ မြန်မာ့နိုင်ငံ အမျိုးသားသင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေအတွက် ကိုယ်ကျိုးမဖက် တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်ကြီး တဦးဖြစ်ပါတယ်။