မန္တလေးအဘိဓာန် ပုံနှိပ်စာအုပ် ထုတ်ဖို့ စိစစ်ရေးရုံတင်ဖို့ ၁၉၉၈ မှာ ပြင်တော့ အဘွား (ဆရာမကြီး လူထုဒေါ်အမာ)က အမှာစာရေးပေးပါတယ်။ အဘွား ကျေးဇူးကို အောက်မေ့သတိရရင်း ဒီအမှာစာကို မိတ်ဆက်အဖြစ် ပြန်ဖော်ပြအပ်ပါတယ်။ အဘွားက ဒီစာမူကြမ်းတွေကို ကြည့်ပြီး နေထွတ်တော့ ဆင့်ခေါင်းခွေး မချီနိုင်တော့ ဖြစ်လိမ့်မယ်ထင်တယ်လို့ အောက်မေ့မိတာအမှန်ပါလို့ ပြောပါတယ်။
အဘွားကျေးဇူး တသက်မမေ့ပါ။
ကျွန်မဆီကို လူငယ်လေးတယောက်လာပြီး ဒီစာအုပ်ဖတ်ပေးပြီးတော့ အမှားပါရင် ပြင်ပေးပါ။ လိုတာရှိရင် ဖြည့်ပေးပါ။ မိတ်ဆက်အမှာစာကလေး ရေးပေးပါလို့ဆိုကာ ကွန်ပျူတာနဲ့ စာစီပြီးသား စာအုပ်ကြီး နှစ်အုပ်ကို ပေးလာပါတယ်။
သူ့စာအုပ်တွေက ‘မန္တလေးအဘိဓာန်’ ပါတဲ့လေ။ စာအုပ်နာမည်တွေ့လိုက်တော့ ကျွန်မက အံ့သြပြီး ပေးလာတာကို လှန်ကြည့်လိုက်ပြန်တော့ ပထမအံ့သြတာထက်တောင် ပိုလို့ အံ့သြသွားပါသေးတယ်။ ဘာလို့လဲဆိုတော့ ဒီလူငယ်ကို ကျွန်မ ကောင်းကောင်းမသိပါဘူး။ လူကိုမသိတာထက် စာအုပ်ပေါ်မှာရေးထားတဲ့ သူ့ကလောင်ကို ပိုပြီး မသိလို့ပါ။ ပြီးတော့ သူရေးထားတဲ့ စာအုပ်က ‘မန္တလေးအဘိဓာန်’ ပါတဲ့လေ။
‘မန္တလေးအဘိဓာန်’ ဆိုတာမျိုး အရင်က ကျွန်မတို့ ဆီမှာ မရှိခဲ့သေးပါဘူး။ ရှိဖို့တော့ ကောင်းတာ ဧကန်ပါ။ ဒါပေမယ့် ဆရာတော် ရွှေကိုင်းသားလည်း ရေးမသွားခဲ့နိုင်ရှာဘူး။ ခုဆို ဆရာတော်ပြန်လွန်တော်မူသွားတာ ၁၁ နှစ်တောင်ရှိပါပြီ။ ဆရာတော်မလုပ်နိုင်ခဲ့လို့ တောင်လေးလုံး ကိုပညာလည်း စိတ်ကူးရှိသေးဟန်မတူပါဘူး။ ဒိပြင်စာရေးဆရာတွေထဲကတော့ ကျွန်မဖြင့် မမြင်ပါဘူး။ မန္တလေးတက္ကသိုလ် မြန်မာစာဌာနက ဒါမှမဟုတ် သမိုင်းဌာနက ဆရာဆရာမများလည်း စိတ်ကူးထဲ ထည့်မိကြသေးတယ် မထင်ပါဘူး။ ခုတော့ နေထွတ်ဆိုတဲ့ လူငယ်စာရေးဆရာတဦးက ‘မန္တလေးအဘိဓာန်’ ဆိုတဲ့ သူ့စာမူ နှစ်အုပ်ကို ကျွန်မဆီလာပေးနေပါရောလား။
နေထွတ်ဆိုတာ စာရေးဆရာပါပဲလို့ ဆိုလိုက်ရင် သူ့အရွယ်နဲ့ သူ့ကလောင်ဟာ ကဗျာသော်လည်းကောင်း၊ အချစ်ဝတ္ထုတိုကလေးတွေသော်လည်းကောင်း ရေးနေရမယ့် အရွယ်မျိုး ကလောင်မျိုးဖြစ်ရမှာပေါ့။ “သူ့အသည်းနဲ့ ကိုယ့်အသည်း မြဲမြဲကလေး ပူးချည်ထားပြီး နှလုံးသားချင်း တိုးတိုးကလေး ပြောမကုန်တဲ့အကြောင်းတွေ သူနိုင်ကိုယ်နိုင် အပြိုင်အဆိုင် လုာက်ပြောနေချင်လိုက်တာ အချစ်ရယ်” ဆိုတဲ့ စာမျိုးတွေကို စိတ်ကူးရသလောက် မဟုတ်ကဟုတ်က လျှောက်ရေးနေဖို့ကောင်းတဲ့ ကလောင်မျိုးဖြစ်ရမှာပေါ့။ အခုတော့ သူကိုင်တွယ်လာတာက အသည်းတွေ နှလုံးတွေဆိုတဲ့ လူ့ကလီစာတွေမဟုတ်ဘဲ မန္တလေး အဘိဓာန် တဲ့လေ။
ဒါနဲ့ ကျွန်မက သူ့ကို တခါထပ်ကြည့်မိပြန်တယ်။ ပြီးတော့မှ “အေးပါကွယ် ငါဖတ်ကြည့်ပါရစေဦး” လို့ပဲ ပြောလိုက်ရပါတယ်။
ပြောမယ်သာပြောရတယ်။ သူ့စာအုပ်က ၀တ္ထုတိုပေါင်းချုပ်အမှာရေးစရာမျိုးလို ပေါ့ပေါ့တန်တန် အကြောင်းရာမျိုးမှ မဟုတ်ပါဘဲကလား။ စာအုပ်က ဂရုတစိုက် ဖတ်ရမှာ။ တကယ်ပြောရရင် ဒီအရွယ်ရောက်မှ ဒါမျိုးမလုပ်ချင်တော့ပါဘူး။ ကျွန်မမှာ အချိန်က သိပ်ရှားပါတယ်။ လူက အိုလှပြီမို့ ဒီအရွယ်ကြီးအထိ ခိုင်းလို့ရအောင် ကျန်းမာရေးက လုပ်ရသေးတယ်။ ကျန်းမာရေးလုပ်တယ်ဆိုတာ ထွေထွေ ထူးထူး မဟုတ်ပါဘူး၊ လမ်းလျှောက်ပေးရတာပါ။ ဒါပေမယ့် ကားတွေ ဆိုင်ကယ်တွေ စက်ဘီးတွေ နည်းပါးတဲ့အချိန်မျိုးမှာမှ လျှောက်ရမှာမို့ မနက် ၃ နာရီထရပါတယ်။ ၄ နာရီထက် နောက်မကျအောင် အိမ်က ထွက်ရပါတယ်။ အဲဒီအချိန်ကြီး အိပ်ရာက ထရတော့ နေ့လည် ပြန်အိပ်ရပါသေးတယ်။ ပြီးတော့ လူမှုရေးကလေး အနည်းအပါးနဲ့ ဧည့်ဝတ်စောင်ဝတ်ကလေး ပြုရတာက ရှိပါသေးတယ်။ ပြီးရင် ဆောင်းပါးလေးတွေ မတောက်တခေါက် ၀င်ရေးမိတော့ ရေးမိတဲ့ မဂ္ဂဇင်းတွေက အမေ့ကော်ပီ ဆက်ပို့ပါဦး။ ရက်မရှိတော့ဘူး။ စောင့်နေပါတယ်ဆိုတော့လည်း ရေးရပြန်ရော။ စာရေးသေးတယ်ဆိုပြန်တော့လည်း စာကဖတ်ဦးမှ မဟုတ်လား။ ဘာစာမှ မဖတ်ဘဲ စာရေးနေလို့ ရတာမှ မဟုတ်တာ။ အဲဒီတော့ အချိန်က ရှားပါတယ်။ နို့ပေမယ့် ဒီစာအုပ် ၂ အုပ်က ထိုးအပ်သွားပြန်တော့လည်း နည်းနည်းပါးပါး အချိန်ရတဲ့အခါ လှန့်ကြည့်ရပါတော့တယ်။
နေထွတ်က သူ့စာအုပ်ကို ၁၉၉၇ ခု မေလဆန်းက စပြီး ရေးဖို့ အကြောင်းပေါ်လာသတဲ့။ ခု ၁၉၉၈ ဧပြီလ သင်္ကြန်တွင်းကြီးမှာ ကျွန်မမှာ အမှာစာရေးပေးနေရတယ်။ မရေးခင် ကျွန်မဖတ်လာတာလည်း တလလောက်များ ရှိပြီလားမသိဘူး။ ဒီကော်ပီကို ဖတ်မကြည့်ခင်ကတော့ နေထွတ်တယောက် ဆင့်ခေါင်းခွေးမချီနိုင်တော့ ဖြစ်လိမ့်မယ်လို့ အောက်မေ့မိတာ အမှန်ပါပဲ။ နို့ပေမယ့် သူက သူ့ဆင့်ခေါင်းကို ကျွန်မဆီကို မနိုင်မနင်းချီယူလာလို့ ကျွန်မရှေ့ရောက်တောင်လာပြီလေ။ ဆက်မချီနိုင်တာက ကျွန်မပဲဖြစ်နေတော့တာပေါ့။
သူ့ကို Companion Media Group (CMG) က ကိုတင်သစ်နဲ့ ကိုနမ်းဝေတို့က “မန္တလေးနဲ့ ပတ်သက်လို့ စာအုပ်တအုပ်၊ လူတိုင်း ၀ယ်ထားသင့်တဲ့ စာအုပ်တအုပ်၊ လူတိုင်းဝယ်ဖတ်နိုင်တဲ့ အနေထားမျိုးနဲ့ ရေးပါလို့” တိုက်တွန်းလို့တဲ့။ ကျမ်းကိုးစာအုပ် ၇၀ ကျော်ကို ကိုင်စွဲပြီး လူပေါင်းရာချီ မေးမြန်းမှတ်သားရင်း နေထွတ်က မန္တလေးအဘိဓာန်ကို ရေးတော့တာပါ။ သူရေးလာတာတွေ ကျွန်မဖတ်ပါတယ်။ သိတာမှတ်မိတာတွေထဲက လိုနေတာရှိရင် ဖြည့်ပေးပြီး မှားတာကို ပြင်ပေးပါတယ်။ ဒါပေမယ့် သူ့စာအုပ်က အချိန်တွေ အများကြီးပေးနိုင်လေ ကောင်းလေဖြစ်မယ့် စာအုပ်မျိုး၊ လူအများကြီးနဲ့ တာဝန်တွေ ခွဲယူကြ၊ စုဆောင်းကြရတာတွေကို စနစ်တကျ ၀ိုင်းရေးကြရတဲ့ စာအုပ်မျိုး ဟုတ်လား။ အဲဒီတော့ ဒီစာအုပ်က နေထွတ်နဲ့ ကျွန်မတို့ မျက်ကန်းတစ္ဆေမကြောက် လုပ်လိုက်တာပဲ ဆိုချင်ပါတော့တယ်။ သူ့ကို စွန့်စားရဲလိုက်တာလို့ဆိုချင်လည်း ဆိုပါရော့။ ဒါပေမယ့် ငယ်ရွယ်သူရဲ့ ပြည့်ဝတဲ့ အားမာန်၊ မဆုတ်မနစ် လုပ်နိုင်တဲ့ ဇွဲသတ္တိ၊ ပြင်းပြတဲ့ ယုံကြည်မှုနဲ့ သူ့ကြိုးပမ်းချက်ကိုတော့ ကျွန်မက အံ့သြချီးကျူးလို့ မကုန်ဘူး။ ဒီစာအုပ်မျိုး ကျွန်မတို့ဆီမှာ လိုနေတာ အမှန်။ ဒီလိုကွက်ကို နေထွတ်က ဖြည့်စွက်လိုက်တာ။ သူ့စေတနာ၊ သူ့ကြိုးပမ်းချက်၊ သူ့ဇွဲလုံးလဟာ တကယ်တော့ ချစ်စရာသိပ်ကောင်းတယ်။
ဒါ့ကြောင့် မန္တလေးအဘိဓာန်စာအုပ်ကလေး ဖတ်မိလို့ လိုတာကလေးတွေ ဖြည့်ချင်ရင်၊ မှားတာကလေးတွေ ထောက်ပြချင်ရင် နေထွတ်ဆီကို ပို့ပေးကြပါ။ နေထွတ်ခုလို စွန့်စားလုပ်ကိုင်ဖော်ရတာကိုတော့ ကျွန်မက မန္တလေးသူမန္တလေးသားတွေကိုယ်စား ကျေးဇူးတင်နေ၊ ၀မ်းသာနေမိပါတယ်။
လူထုဒေါ်အမာ။
၁၉၉၈ ဧပြီလ။
